မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်


ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ယက် စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ကြပါသည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများဖြစ်ကြပါသည်။

ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံ ငွေစာရင်း အချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာဝန် ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှု များကို ဘဏ်များထံမှ ရယူဆောင်ရွက်လျက် ရှိကြပါသည်။

ဤကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွါးကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ် အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


ရည်ညွှန်း :https://www.cbm.gov.mm/content/8308