ဘဏ်တွင်းစာရင်းစစ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
ကမ္ဘာ့ရတနာဘဏ်၊ ဘဏ်တွင်းစာရင်းစစ်ဌာန (Internal Audit Department) မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သီးခြားလွတ်လပ်သော ဒါရိုက်တာမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော စာရင်းစစ်ကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ရုံးချုပ်ဌာနများနှင့် ဘဏ်ခွဲများ၏ နေ့စဉ် စာရင်းပိတ်လုပ်ငန်းများ၊ လချုပ်စာရင်းများ၊ ချေးငွေလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ၊ စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းများအား စာရင်းစစ်ကော်မတီ၏ လမ်းညွှန်မှု၊ ညွှန်ကြားမှုများကို ခံယူ၍ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါသည်။ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဒေါ်ခင်ဇော်ဝင်းမှ ၂၅ အောက်တိုဘာ ၂၀၂၅ တွင် Insight on IFRS-9 Expected Credit Loss (ECL) Calculation For Banking Industry ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၄ ဇန်နဝါရီ ၂၀၂၆ တွင် ECL Calculation Process For Banking Industry ခေါင်းစဉ်ဖြင့်လည်းကောင်း ကမ္ဘာ့ရတနာဘဏ်မှ အရာထမ်း၊ အမှုထမ်းများအား IFRS(International Financial Reporting Standard) များနှင့်ပတ်သက်၍ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပို့ချခဲ့ရာ အင်အား (၂,၀၀၀) ကျော် တက်ရောက်သင်ကြားခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲများ အနေဖြင့် ဘဏ်လုပ်ငန်းများကို Internal Control ကောင်းမွန်မှု၊ Risk Management ဆောင်ရွက်ထားရှိမှု၊ မူဝါဒနှင့် ညွှန်ကြားချက်များကို Compliance ဖြစ်ခြင်းနှင့် Governance (စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်) ရှိခြင်း တို့ကို အခြေခံ၍ On Site နှင့် Off Site စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် Customer များ စာရင်းအသစ်ဖွင့်လှစ်သည့်အခါ KYC,CDD လိုအပ်ချက်များနှင့်အညီ ပြည့်စုံစွာဆောင်ရွက် ထားမှု၊ AML/CFT လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် Compliance Department တို့၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု၊ ချေးငွေထုတ်ချေးမှုနှင့် စပ်လျဉ်း၍ အာမခံ ပေးအပ်ထားသည့် စာချုပ်စာတမ်းများနှင့် ဘဏ်နှင့်ချုပ်ဆိုရမည့် ချေးငွေဆိုင်ရာစာချုပ်စာတမ်းများနှင့် ပေးဆပ်ရန် ပျက်ကွက်သည့် ချေးငွေစာရင်းများအပေါ် ပျက်ကွက်သည့် ကာလအလိုက် အဆင့်သတ်မှတ်၍ အရေးယူဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ပါသည်။ ငွေကြေးဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေး မှတ်တမ်းများနှင့် ဘဏ်ခွဲ၏ ငွေသားလက်ကျန်ကိုက်ညီမှုတို့ကို စစ်ဆေးခဲ့ပါသည်။
ဘဏ်ခွဲများအား စစ်ဆေးခဲ့သည့်တွေ့ရှိချက်၊ လိုအပ်ချက်များအား သက်ဆိုင်ရာလုပ်ငန်းဌာနကြီး မှူးများနှင့် ဆွေးနွေးညှိနှိုင်း၍ ဘဏ်ခွဲများအား ပြင်ဆင်စေပြီး စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား စာရင်းစစ်ကော်မတီသို့တင်ပြ၍ စာရင်းစစ်ကော်မတီမှတစ်ဆင့် ဒါရိုက်တာအဖွဲ့သို့ ဆက်လက်တင်ပြလျက် ရှိပါသည်။ နောင်လာမည့် ဘဏ္ဍာနှစ်အတွက် ရုံးချုပ်ဌာနများနှင့် ဘဏ်ခွဲများအား စစ်ဆေးရန်အတွက် Audit Plan အား စာရင်းစစ်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရေးဆွဲထားပြီး၊ ရုံးချုပ်မှချမှတ်ထားသော လုပ်ထုံး လုပ်နည်းများ၊ ချမှတ်ထားသော စည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်မှုများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။


