ဘဏ်ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးခြင်း အခြေအနေ
ကမ္ဘာ့ရတနာဘဏ်၏
အနာဂတ်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် အောက်ပါအတိုင်း
ရည်မှန်းချက်များကို ချမှတ်ထားရှိပါသည် -
(၁) ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကျွမ်းကျင်မှုရှိပြီး ကျင့်ဝတ်စည်းကမ်းများ လိုက်နာ စောင့်ထိန်းရန်၊
(၂) ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်၊ အသိပညာ၊ အရည်အသွေးစွမ်းရည်များ ဖွံ့ဖြိုး တိုးတက်စေပြီး အရည်အချင်းမြှင့်တင်ရန်၊
(၃) ခေတ်နှင့်လျော်ညီသော နည်းပညာရပ်များ တတ်ကျွမ်းစေရန်၊
(၄) ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ကျေနပ်မှုဖြင့် ဘဏ်၏ အောင်မြင်မှုကို ပံ့ပိုးရန်၊
ကမ္ဘာ့ရတနာဘဏ်၏ ဒါရိုက်တာအဖွဲ့သည် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအင်အား ဖွဲ့စည်းမှုကို (၂,၃၄၁) ဦး မှ (၂,၂၂၄) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယခုဘဏ္ဍာနှစ်တွင် တာဝန်ထမ်းဆောင် သော အမျိုးသား၊ အမျိုးသမီးအင်အားမှာ အမျိုးသားဝန်ထမ်း (၁,၁၂၃) ဦး၊ အမျိုးသမီးဝန်ထမ်း (၁,၁ဝ၁) ဦးဖြစ်၍ (၅ဝး၅ဝ) အချိုးဖြစ်ပါသည်။ အသက်အရွယ်အလိုက် ဝန်ထမ်းအင်အားမှာ
(၁)အသက် ၃ဝ အောက်လူငယ် ၃၅%
(၂) အသက် ၃ဝ နှင့် ၄ဝ ကြား ၃၄%
(၃) အသက် ၄ဝ နှင့် ၅ဝ ကြား ၁၈%
(၄)အသက် ၅ဝ နှင့် ၆ဝ ကြား ၉%
(၅)အသက် ၆ဝ နှင့် ၆၅ ကြား ၂%
(၆)အသက် ၆၅ အထက် ၂% ဖြစ်ပြီး အနာဂတ်ကာလတွင် ဘဏ်လုပ်ငန်း များကို လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် အင်အားအချိုးဖြစ်ပါသည်။
ဝန်ထမ်းများ၏ စွမ်းဆောင်ရည် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်ပြီး ကျင့်ဝတ်လိုက်နာ၍ လုပ်ငန်းခွင် အတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်စေရန် ရည်ရွယ်၍ ဘဏ်တွင်းသင်တန်းကျောင်းဖွင့်လှစ်ပြီး နှစ်စဉ်သင်တန်းများပို့ချခြင်း၊ ပြင်ပသင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွင်း ဘဏ်တွင်းသင်တန်းများဖြစ်သော IT နည်းပညာပိုင်းဆိုင်ရာ သင်တန်း များ၊ GTB Pay ၊ GTB Merchant ၊ Digital Banking Awareness Training ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ချက်ဆိုင်ရာ သင်တန်းများဖြစ်သော AML/CFT သင်တန်းများကို ပို့ချခဲ့ပါ သည်။
ပြင်ပသင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များဖြစ်သော မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းမှ ဖွင့်လှစ်သည့် Business Ethics For Bankers, Customer Services, Credit Risk Management, Internal Audit & Internal Control, Compliance Basic Course, Fraud Risk Management, Diploma in Banking, General Banking သင်တန်းများ၊ ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်သည့် LLB, B.A Law, Diploma in Business Law, Diploma in International Law, Diploma in Intellectual Property Law, Diploma in Applied Psychology သင်တန်းများ၊ စီးပွားရေးတက္ကသိုလ်မှဖွင့်လှစ်သည့် Master of Banking & Finance, Master of Business Administration, Master of Public Administration သင်တန်းများ၊ သံတမန်ရေးရာဆိုင်ရာ ဘွဲ့လွန်သင်တန်းများကို တက်ရောက်ခွင့်ပြုခဲ့ပါသည်။
ကမ္ဘာ့ရတနာဘဏ်၏ ဝန်ထမ်းများသည် မိမိတို့၏ အလုပ်တာဝန်ဝတ္တရားများကို စိတ်အား ထက်သန်စွာ စွမ်းဆောင်ရည်ပြည့်နှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာပြီး အဖွဲ့အစည်းအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်နိုင်စေရန်၊ ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုနှင့် လုပ်ငန်းခွင်တည်ငြိမ်မှု၊ အလုပ်လုပ်ကိုင် လိုစိတ်ကို မြှင့်တင်စေရန်အတွက် ရည်ရွယ်၍ လုပ်ခလစာနှင့် ခံစားခွင့်နှုန်းထားများကို သက်ဆိုင်ရာကာလနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အတွက် ပညာရပ်ဆိုင်ရာခံစားခွင့်များ ချီးမြှင့်ခြင်း၊ လုပ်ငန်းကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှု အလိုက် ခံစားခွင့်များချီးမြှင့်ခြင်း၊ ဒေသဆိုင်ရာ ရှားပါးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ထောက်ပံ့စရိတ်များ၊ ခရီးစရိတ်များ၊ စားသောက်စရိတ်များ ထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးစရိတ်များ ထောက်ပံ့ ပေးခြင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းစရိတ်များ ထောက်ပံ့ပေးခြင်း၊ ပညာရေးထူးချွန်ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများကို ပညာရေးထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးပြီး ငွေကြေးပမာဏနည်းပါးစွာဖြင့် နေထိုင်ခွင့်ပေးခြင်း၊ လစဉ်ဘဏ်ခွဲ အလိုက် လူပုဂ္ဂိုလ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည်ပေါ် မူတည်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်း၊ အခါအား လျော်စွာ ဆုကြေးငွေ၊ ထောက်ပံ့ငွေအမျိုးမျိုးအား ချီးမြှင့်ပေးခြင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းချေးငွေများ ထုတ်ချေးပေးခြင်း၊ ဝန်ထမ်းများ၏ သာရေး၊ နာရေးအတွက် လူမှုသက်သာ ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။


