၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်

ကမ္ဘာ့ရတနာဘဏ်

(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)

(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့ တင်သွင်းသည့်

ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ

one

၁။ အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် တည်ထောင်ရန် ၆ ဖေဖော်ဝါရီ ၁၉၉၆ တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (၁၃၇၅ / ၁၉၉၅-၁၉၉၆) ဖြင့်ခွင့်ပြုခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ် ပြဋ္ဌာန်းသော မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လိုင်စင်အမှတ်၊ မဗဘ/ပီ-၁၅/(၂)၉၆ ဖြင့် ၁၅ ဖေဖော်ဝါရီ ၁၉၉၆ တွင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် အမည်ဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
၂။ ဘဏ်၏ လုပ်ငန်းဆောင်တာအဝဝကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁ ဇူလိုင် ၂၀၁၃ မှစ၍ ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) အမည်သို့ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၁၂၄၆၀၂၄၀၈)၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် လိုင်စင်အမှတ်၊ မဗဘ/ပဘ(အာရ်)-၂၂/၀၈/၂၀၁၆၊ ၁၈ ဩဂုတ် ၂၀၁၆ တို့ဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။
၃။ ယခင် ၁၉၉၉ ခုနှစ်ကာလက ဘဏ်ခွဲ (၄) ခုသာရှိခဲ့ရာမှ ယခုအခါ ဘဏ်ခွဲ (၁၇၇) ဘဏ်ထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ဘဏ်ခွဲ ပေါင်း (၃၄) ဘဏ်အား ခေတ္တပိတ်ထားရသော်လည်း (၁၄၃) ဘဏ်ဖြင့် Customer များအား ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၄။ ဘဏ်အနေဖြင့် သက်တမ်းရလာသည်နှင့်အမျှ အများပြည်သူတို့၏ ယုံကြည်မှုရလာသည့်အလျောက် အပ်ငွေများတိုးတက်ရရှိလာပြီး တိုးတက်ရရှိလာသော အပ်ငွေများအား ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုသည့် သားငါးကဏ္ဍထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းအစရှိသည့် စီးပွားရေးလုပ်ငန်းအသီးသီးသို့ ခိုင်မာသော ချေးငွေများ ထုတ်ချေးခဲ့ပါသည်။
၅။ ဒါရိုက်တာအဖွဲ့အား ရှယ်ယာရှင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ(၂)ဦး အပါအဝင် ဒါရိုက်တာ(၁၄) ဦးဖြင့် ဖွဲ့စည်းထားရှိခဲ့ပါသည်။ ဒါရိုက်တာအဖွဲ့သည် လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့အစည်းအဝေးကို လစဉ်ပုံမှန်ကျင်းပပြီး ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် ငွေရေးကြေးရေး အားကောင်းခိုင်မာမှု၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြပါသည်။
၆။ ကမ္ဘာ့ရတနာဘဏ်သည် ဌာနကြီး (၁၆) ခုထိ တိုးချဲ့ဖွဲ့စည်းပြီး လုပ်ငန်းများ ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်ဝန်ထမ်းများ အတွေ့အကြုံနှင့် ဘဏ်လုပ်ငန်း ပညာရပ်များ အသိပညာတိုးမြင့်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းမှ စီစဉ်သောသင်တန်းများ စေလွှတ်တက်ရောက်စေခြင်း၊ ဘဏ်တွင်းဖွင့်လှစ်သော မွမ်းမံသင်တန်းများ၊ IT နည်းပညာသင်တန်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာသင်တန်းများ၊ ဥပဒေပိုင်းဆိုင်ရာသင်တန်းများ ကိုလည်း စဉ်ဆက်မပြတ် သင်ကြားပို့ချပေးလျက်ရှိပြီး ဘဏ်ဝန်ထမ်းများ၏ အရည်အသွေး တိုးတက် မြင့်မားရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၇။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့ရတနာဘဏ်၏ GTB Mobile Wallet ဖြစ်သော GTB Pay, GTB Agent, GTB Merchant များဖြင့် Digital Banking ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ GTB Agent များတွင် ငွေသားပေးသွင်း၍လည်းကောင်း၊ Wallet Cash In ဆောင်ရွက်နိုင်ခြင်းနှင့် GTB Agent များ တွင် Wallet Cash Out ဖြင့်ငွေသားထုတ်ယူနိုင်ခြင်း၊ နိုင်ငံတစ်ဝန်း နေရာဒေသမရွေး လျှပ်စစ်မီတာဘေလ်များ‌ ပေးဆောင်နိုင်ခြင်း၊ ဖုန်းဘေလ်ဖြည့်သွင်းခြင်းနှင့် Bill Payment များ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ True Money နှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းအား စက်တင်ဘာ ၂၀၂၅ မှစတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် ဘဏ်များရှိ ကုန်သည်အချင်းချင်း MMQR ကို Scan ဖတ်ရုံဖြင့် ငွေပေးချေမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
၈။ ကမ္ဘာ့ရတနာဘဏ်ပြင်ပစာရင်းစစ်အဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ICOP Sein Win & Associates Company Limited အား တာဝန်ပေးအပ်ခဲ့ပါသည်။
၉။ ကမ္ဘာ့ရတနာဘဏ်အနေဖြင့် NPL ကျဆင်းရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း (၅%) လျော့ကျအောင်‌ ဆောင်ရွက်ခဲ့ပါသည်။ ကောက်ခံရန်ကျန် NPL Account များ ကိုလည်း ဥပဒေအရ ဆောင်ရွက်လျက်ရှိရာ တရားစွဲ၊ ဇာရီဖွင့် လေလံအဆင့် ဆောင်ရွက်နေသော ပမာဏ (၉၈.၃၅%) ဖြစ်၍ ဆုံးရှုံးမှုမဖြစ်စေရေး လက်တွေ့ကျကျဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။