ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)
(Incorporated in the Republic of the Union of Myanmar)

ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) ၏ အဖွဲ့ဝင်များသို့

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စာရင်းစစ်၏ အစီရင်ခံစာ

ခြွင်းချက်ရှိ စာရင်းစစ် ထင်မြင်ယူဆချက်

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် ကမ္ဘာ့ရတနာဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂ဝ၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော ဘဏ္ဍာနှစ် အတွက် စာမျက်နှာ ၉ မှ ၃၉ တွင် ဖော်ပြထားသည့်အတိုင်း ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း၊ အရေးပါသော စာရင်းဆိုင်ရာမူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သည့် ဘဏ္ဍာရေး ရှင်းတမ်းများကို စစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။

“ခြွင်းချက်ရှိ စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန်အခြေခံမှု” ဆိုသည့်စာပိုဒ်တွင် ဖော်ပြထားသည့် ကိစ္စရပ်မှလွဲ၍ ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများနှင့်အညီ ရေးဆွဲထားခြင်းဖြစ်ပြီး ကမ္ဘာ့ရတနာဘဏ် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂ဝ၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသား စီးဆင်းမှုနှင့် စပ်လျဉ်းသည့် ဖော်ပြချက်များအားလုံးသည် သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်တို့ ထင်မြင် ယူဆပါသည်။


ခြွင်းချက်ရှိ စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် အခြေခံမှု

ကျွန်တော်တို့၏ စာရင်းစစ်ဆေးခြင်းကို မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများအရ စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။ အဆိုပါစံများအရ ကျွန်တော်တို့၏ တာဝန်ဝတ္တရားများကို စာရင်းစစ်အစီရင်ခံစာတွင်ပါဝင်သော စာရင်းစစ်၏ တာဝန်ဆိုသော အပိုဒ်တွင်လည်း ထည့်သွင်းဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဆိုင်ရာရှင်းတမ်းများ စာရင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအရ ကျွန်တော်တို့သည် ဘဏ်နှင့် မှီခိုမှုကင်းလွတ်ပြီး အခြားသောကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများကို လည်း ပြည့်မီအောင် ဆောင်ရွက်ထားရှိပါသည်။ ကျွန်တော်တို့ ရရှိထားသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ အထောက်အထားများသည် ကျွန်တော်တို့အနေဖြင့် ထင်မြင်ယူဆချက်ပေးရန် အခြေခံကျ၍ သင့်လျော်မှုရှိပြီး ပြည့်စုံလုံလောက်သည်ဟု ယုံကြည်ပါသည်။

တွေ့ရှိချက်များမှာ-

(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့သော အစီရင်ခံစာအရ ၂ဝ၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ Non-performing Loan လက်ကျန်မှာ ကျပ်သန်းပေါင်း ၁၈၄,၅၃၉ (စုစုပေါင်းချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေ၏ ၃၆.၂၉%) ဖြစ်ပြီး အဆိုပါလက်ကျန်တွင် Non-performing Loan (အရှုံး) ကျပ်သန်းပေါင်း ၁၈၄,၂၅၇ နှင့် ဆုံးရှုံးနိုင်ဖွယ် ကျပ်သန်းပေါင်း ၂၈၂ ပါဝင်ပါသည်။

- တာဝန်ခံအရာရှိမှ တင်ပြထားသော အတင်းအကြပ် ရောင်းဈေးပေါ်မူတည်၍ တွက်ချက်ပါက သီးခြားလျာထားမှုတန်ဖိုးသည် ကျပ်သန်းပေါင်း ၂၄,၆၇၅.၃၈ ဖြစ်သင့်သော်လည်း ၂ဝ၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကမ္ဘာ့ရတနာဘဏ်မှ သတ်မှတ်ထားသော သီးသန့်လျာထားမှုတန်ဖိုးသည် ကျပ်သန်းပေါင်း ၄,၈၆၈.၅၃ သာဖြစ်ကြောင်း တွေ့ရှိရသည်။ NPL တစ်ခုချင်းစီကို ပြန်လည် သုံးသပ်ရန်နှင့် လိုအပ်ပါက ဖြစ်နိုင်ခြေရှိသော ဆုံးရှုံးမှုများအတွက် သီးခြားလျာထားမှု ပြုလုပ်ပေးထားရန် လိုအပ်ပါသည်။ [Management Letter စာပိုဒ် ၅.၄]


ဘဏ္ဍာရေးရှင်းတမ်းများ စာရင်းစစ်ဆေးခြင်းအပေါ် စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည်ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်းဆိုင်ရာ စံများနှင့်အညီ စာရင်းစစ်ဆေးထားခြင်းသည် အရေးပါသော မှားယွင်း ဖော်ပြမှု တစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုးမဟုတ်ပါ။ အရေးပါသော မှားယွင်းဖော်ပြမှု များသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး ၎င်းတို့တစ်ခုချင်း သို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံသော စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာ လွှမ်းမိုးမှုများ ရှိလာနိုင်သည်ဆိုပါက အဆိုပါ မသမာမှု သို့မဟုတ် မှားယွင်းမှုများကို အရေးပါသော မှားယွင်းဖော်ပြမှုဟု ယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာ စံများနှင့်အညီ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုဖြင့် အကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာကျွမ်းကျင်သူ၏ သတိသမ္ပဇဉ် (Professional Judgement and Professional Skepticism) ဖြင့် ထိန်းသိမ်းဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အုပ်ချုပ်မှု တာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန် စီစဉ်ထားသော အတိုင်းအတာ၊ စစ်ဆေးမည့်အချိန် နှင့် စစ်ဆေးချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့် အားနည်းမှုများ အပါအဝင် အရေးကြီးသည့် တွေ့ရှိချက်များ စသည့်ကိစ္စရပ်များအတွက် ဆက်သွယ် ဆောင်ရွက်ပါသည်။